
No Rest for the Wicked (2026)
IMDb Rating (7.1) / Rotten Tomatoes (97%)
No Rest for the Wicked (၂၀၂၆) ဟာ ဒါရိုက်တာ Kasper Kalle ရိုက်ကူးထားတဲ့ ဒိန်းမတ် BL ရိုမန်းတစ် သရဲကား (Romantic Horror) ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Karl Heinrich Ulrichs ရဲ့ ၁၈၈၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဝတ္ထုတို “Manor” ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၂၆ ခုနှစ် ဇူလိုင်လ Fantasia ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ဒိန်းမတ်နိုင်ငံမှာ ရုံတင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ ၁၈၆၂ ခုနှစ် ဖာရိုးကျွန်းစု (Faroe Islands) ရဲ့ ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။ အဲဒီရွာလေးမှာ ဘာလ်ဒါ (Baldur) ဆိုတဲ့ တံငါသည် လူငယ်လေးတစ်ယောက်ဟာ ရိုးရိုးရှင်းရှင်း နေထိုင်နေပါတယ်။
တစ်နေ့မှာတော့ ဟယ်လ်ဂီ (Helge) လို့ခေါ်တဲ့ ခရီးသွား ဝေလငါးဖမ်းသမားတစ်ယောက် ရွာကိုရောက်လာချိန်မှာတော့ ဘာလ်ဒါ ရဲ့ ဘဝကြီး ပြောင်းလဲသွားပါတော့တယ်။ သူတို့နှစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းလေး စတင်လာခဲ့ပါတယ်။
ဒါပေမဲ့ မထင်မှတ်ထားတဲ့ ကြေကွဲစရာ ကိစ္စတစ်ခု ဖြစ်ပွားပြီးတဲ့နောက် ရွာထဲမှာ ဆက်တိုက်ဆိုသလို သွေးထွက်သံယို သေဆုံးမှုတွေနဲ့ သဘာဝလွန် ကြောက်မက်ဖွယ်ရာအရာတွေ ရောက်ရှိလာပါတော့တယ်။ ရွာသားတွေက ဒီမိစ္ဆာကောင်တွေကို တိုက်ထုတ်ဖို့ ကြိုးစားကြချိန်မှာ၊ ဘာလ်ဒါ နဲ့ ဟယ်လ်ဂီ တို့ နှစ်ယောက်ကလည်း သူတို့ရဲ့အချစ်ကို ကာကွယ်ရင်း ဒီသဘာဝလွန် အန္တရာယ်ကြီးကနေ ဘယ်လို ရုန်းထွက်ကြမလဲ ဆိုတာကို ရင်ခုန်ဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ သာမန် သရဲကားတွေလိုမဟုတ်ဘဲ အချစ်ဇာတ်လမ်းနဲ့ သဘာဝလွန် ထိတ်လန့်စရာတွေကို သေသေချာချာ ပေါင်းစပ်ထားတဲ့ကား ဖြစ်ပါတယ်။ Rotten Tomatoes မှာ ၉၇ အထိ ရရှိထားပြီး၊ Fantasia ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ Pilou Asbæk က အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုပါ သိမ်းပိုက်ထားနိုင်တဲ့ ကားကောင်းလေးမို့ အချစ်၊ သရဲ နဲ့ သည်းထိတ်ရင်ဖို ရသသုံးမျိုးစလုံး ခံစားချင်တယ်ဆိုရင် ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။