
Levitating (2026)
IMDb Rating (7.7)
Para Perasuk ဟာ Sundance Film Festival မှာပွဲထွက်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့သဘာ၀လွန်ဒရာမာရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့ နတ်ပူးခြင်းဓလေ့ကို ပျော်ရွှင်မှုနဲ့စိတ်ထွက်ပေါက်အဖြစ်အသုံးချတတ်တဲ့ ထူးခြားတဲ့ရွာလေးတစ်ရွာမှာနေထိုင်ပြီး ရွာမှာ အတော်ဆုံးနတ်ဝင်သည်ဖြစ်ဖို့ကြိုးစားနေတဲ့ ဘာရူးလို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။
သူတို့အထွတ်အမြတ်ထားတဲ့ စမ်းရေထွက်နဲ့ရွာကို အဆင့်မြင့်အဆောက်အအုံတွေဆောက်ဖို့ သိမ်းယူချင်ကြတဲ့စီးပွားရေးအုပ်စုတစ်ခုက ရွာသားတွေရဲ့မြေတွေကိုအဓမ္မဝယ်ယူသိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့ ရွာရဲ့ရိုးရာနတ်ပူးပွဲတော်တွေဟာ ရန်ပုံငွေရှာဖွေတဲ့ပွဲတွေဖြစ်လာခဲ့ပါတယ်။
ဘာရူးတို့အသိုင်းအဝိုင်းရဲ့မြင့်မြတ်တဲ့ရိုးရာနဲ့ရွာကလေးကို စီးပွားရေးသမားတွေရဲ့လောဘကနေ ကာကွယ်နိုင်ပါ့မလားဆိုတာကို ဘာရူးအပါအဝင် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့စိတ်ဒဏ်ရာတွေ၊ မိသားစုပြဿနာတွေနဲ့ဆက်စပ်တင်ပြထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ Sundance ရုပ်ရှင်ပွဲတော် (၂၀၂၆) ရဲ့ World Cinema Dramatic Competition မှာ ပထမဆုံးအကြိမ် ပြသခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ တခဲနက် ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
ရိုးရာယဉ်ကျေးမှု၊ ဂီတ နဲ့ပန်းချီကားတစ်ချပ်လိုလှပတဲ့ ရိုက်ချက်တွေနဲ့ဖွဲ့စည်းထားပြီး သရုပ်ဆောင်တွေရဲ့ဇာတ်ကောင်အပေါ်စီးမျောနိုင်မှု(အထူးသဖြင့် အဆိုတော်မင်းသား Anggun ရဲ့ နတ်ဝင်သည်အဖြစ် သရုပ်ဆောင်ချက်)ဟာ ပရိသတ်တွေရဲ့တစ်ခဲနက်ချီးကျူးမှုကိုရရှိခဲ့တဲ့ အနုပညာမြောက်ရုပ်ရှင်တစ်ကားပါ။